နို့တိုက်မိခင်တွေမှာဖြစ်တဲ့ လက်ကောက်ဝတ်နာကျင်ခြင်း
မေမေ တစ်ယောက်ဖြစ်လာပြီဆိုတာနဲ့ ခန္ဓာကိုယ်ပြောင်းလဲမှု၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအပြင် တချို့သော နာကျင်မှု၊ ရောဂါတွေလည်း ခံစားလာရနိုင်ပါတယ်။
ဒီထဲမှာ de Quervain’s tenosynovitis ဆိုတဲ့ လက်မနဲ့ လက်ကောက်ဝတ် နာကျင်တာလည်း ပါဝင်ပါတယ်။
ကိုယ်ဝန်ဆောင် ဒါမှမဟုတ် နို့တိုက်မိခင်တွေဟာ တခြား အမျိုးသမီးတွေထက် ဟော်မုန်းပြောင်းလဲမှုတွေ ပိုဖြစ်နိုင်ပါတယ်။
ဒီအချိန်မှာ ခန္ဓာကိုယ်ရဲ့ အရည်ဓါတ်တွေ စုပုံလာပြီး အထူးသဖြင့် သူတို့ရဲ့ လက်ကောက်ဝတ်နဲ့ လက်မှာ အရည်တွေစုတာ အရွတ်ရောင်တာတွေ ဖြစ်နိုင်ပါတယ်။
ဒါတင်မကပဲ နို့တိုက်မိခင်တွေဟာ ကလေး နို့တိုက်တဲ့အခါ ကလေးကို ချီရတဲ့အခါ လက်ကောက်ဝတ်နဲ့ လက်ကို မကြာခဏ လှုပ်ရှားရတဲ့အခါ အရွတ်တွေ ပွတ်တိုက်မိပြီး de Quervain’s tenosynovitis ပိုဖြစ်နိုင်တာကို တွေ့ရပါတယ်။
ဒါ့အပြင် Carpal Tunnel Syndrome ဆိုတဲ့ လက်ကောက်ဝတ် ထိခိုက်နာကျင်ခြင်းကိုလည်း ခံစားရနိုင်ချေ များပါတယ်။
အထူးသဖြင့် ကလေးစယူတဲ့ မေမေ အသစ်၊ သားဦးမေမေတွေမှာ ပိုဖြစ်နိုင်တာ တွေ့ရပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေအနေနဲ့ လက်ကောက်ဝတ်နာကျင်တာ၊ လက်မနာကျင်တာ၊ အကွေးအဆန့်မှာ ထုံကျင်တာ၊ ရောင်ရမ်းတာတွေ ဖြစ်နိုင်ပါတယ်။
ဒီလို မဖြစ်ရစေဖို့ ဘယ်လိုကာကွယ်မလဲ?
- ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်တဲ့ ကာလတွေမှာ လက်ကောက်ဝတ် အားသုံးရတဲ့ အလုပ်တွေနဲ့ အလေးမရတာတွေကို မလုပ်ပါနဲ့။
- နို့တိုက်တဲ့အခါ တတ်နိုင်သလောက် အနေအထား အမှန်နဲ့ တိုက်ပါ။
တကယ်လို့ နာကျင်မှု၊ ထုံကျင်မှုတွေက မသက်သာဘူး၊ အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာမယ်၊ နေ့စဉ် လုပ်ငန်းဆောင်တာတွေမှာ ထိခိုက်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ကုသပြီး လိုအပ်တဲ့ ထိုးဆေး၊ သောက်ဆေးတွေ သုံးဖို့ လိုနိုင်ကြောင်း မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)